Saturday, 24 October 2020
ခေတ်ပေါ်ကဗျာ
 ပန်းခြောက်ကလေးတွေ
===============
ကျွန်တော့်အမည်ဟာ သူ့ဒိုင်ယာရီဖြစ်တယ်
သူကမ်းပေးတဲ့ သူ့ဒိုင်ယာရီမှာ 
ထုံအီတဲ့ ရနံ့ တွေသင်းလို့ 
ကို လို့  ကျွန်တော့်ကိုရေးတယ်
အပြင်မှာ ခေါ်တဲ့နာမ်စားမဟုတ်ဘူး
သူ့ဒိုင်ယာရီမှာ စာမျက်နှာ ခွန်နှစ်ရာငါးဆယ်
သူ့အကြည့်ကအေးပြီး သူ့အပြုံးကနွေးတယ်
သူ့ကိုမြတ်နိုးမှုက ကျွန်တော့်အတွက် တတိယအရာရာပေါ့
ကျွန်တော်စာဖတ်ပျင်းတာကို နားလည်ပေးတဲ့သူက
စာတစ်မျက်နှာအတွက် ကို လို့  နှစ်ခွန်းပဲခေါ်တယ်
တရုတ်စကားတစ်ပွင့် ဒါမှမဟုတ် နှင်းဆီတစ်ပွင့်
ဒါမှမဟုတ် သစ်ခွတစ်ပွင့် ကျွန်တော်သူနှင့်တွေ့တိုင်းပေးခဲ့
ဒီနေ့  ကျွန်တော်လက်ထဲကနှင်းဆီပန်းကို ယူပြီး
တစ်ဖက်ကို သူလှည့်သွားတော့
ကျွန်တော့်နှလုံးသားက ဇဝေဇဝါ
သူတစ်ခုခု ရေးနေသလိုလို
သူကျွန်တော့်ဖက်ပြန်အလှည့် သူ့ လက်ထဲမှာနှင်းဆီပန်းကိုမတွေ့ 
ငါးနှစ်အတွင်း ကျွန်တော်တို့နှစ်ယောက်စုံချိန်
၁၅၀၀ ကြိမ်တိတိ
သူ့ စကားတစ်ခွန်းကြောင့် ကျွန်တော့်မျက်လုံးတွေဝိုင်းစက်ရ
သူက 
" ဒိုင်ယာရီထဲမှာ ပန်းခြောက် ထောင့်လေးရာကိုးဆယ့်ကိုးပွင့်
ပန်းအစို တစ်ပွင့် စာကြောင်းအသစ် တစ်ကြောင်း " တဲ့ 
သူကမ်းပေးတဲ့  သူ့ဒိုင်ယာရီမှာ
ထုံအီတဲ့ ရနံ့ တွေသင်းလို့    ။      ။
ဟိန်းစံ ( ပဲခူး )
၂၄-၁၀-၂၀၂၀
No comments:
Post a Comment