Monday, 5 March 2012

ကဗျာ

                  “ ဂရုဏာဒေါသ မဟုတ်ဘူး ”


လူညီလို့
ဤ ကို ကျွဲ ဖတ်တယ်ထား
အမှားကြာသွားတဲ့အခါ
အမှန်ထင်ခဲ့ရင်
သမိုင်းအတွက်
အမာရွတ်ကြီးတယ်...။

အလျှော်ရခက်တဲ့
တဘက်ကြီးမျိုးတော့
မဖြစ်စေချင်တာ
တစ်ခုတည်းသော ဆန္ဒပဲ...။

အဖက်ဆယ်မရတဲ့အခါကြမှ
ဒေါသထွက်သံ
ခံပြင်းသံ
ရင်ကျိုးမရဖြစ်သံ
အာမေဋိတ်သံ
ကျေကွဲဝမ်းနည်းသံ
နောင်တသံ
အသံတိုင်းဟာ
နာပျော်ဖွယ် ဖြစ်မလာနိုင်ဘူး...။

နွားနို့အိုးမှောက်မှ
ရွှေစည်းခုံဘုရားကြီး လှူပါ၏ဆိုတဲ့
ဒါနမျိုးကကော
ကုသိုလ်ရဖို့ သေချာရဲ့လား...?

အဘိဓမ္မာ တရားတော်မှာ
ဂရုဏာဆိုတာ
ကုသိုလ်စိတ်ရဲ့ စေတသိက်ဖြစ်သလို
ဒေါသဟာ
အကုသိုလ်စိတ်ရဲ့ စေတသိက်တဲ့...။

ကျမ်းဂန်ရဲ့ အဆိုအရ
ကုသိုလ်နဲ့ အကုသိုလ်
ဘယ်အခါမှ စုံပြီးမဖြစ်ဘူး
တစ်လှည့်စီတော့ ဖြစ်ကောင်းဖြစ်တတ်တယ်...။

အဲဒါကြောင့်
ငါ့ရဲ့ စကားအခွန်းတိုင်းဟာ
ဂရုဏာ ဒေါသ မဟုတ်ဘူးဆိုတာပေါ့   ။         ။



                    အတွဲ ( ၅ ) အမှတ် ( ၂၁ ) လမ်းသစ်ဂျာနယ် မလေးရှားတွင်ဖော်ပြပြီး

No comments:

Post a Comment