ကလောင်ဆွဲကိုင် တိုက်ပွဲဆိုင်၍
နိုင်ငံ့တာဝန် ထမ်းကျေပွန်မည်
ရည်မွန်စိတ်ထား နှလုံးသားနှင့် ။
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းတည့်
ပြဌာန်းဂုဏ်ရှိန် ထွန်းတောက်ထိန်ဖို့
အချိန်ရတိုင်း စာရေးအံ့ ။
ငါရေးသည့်စာ ငါ့ကဗျာကား
မိစ္ဆာရင်ညွှန့် ပြေးဝင်ခွံ့မည့်
အဓွန့်ရှည်သော မျိုးချစ်ဓါး ။
ငါရေးသည့်စာ ငါ့ကဗျာကား
မိစ္ဆာမျက်လုံး အမြင်ရှုံးဖို့
အဆုံးထုတ်မည့် မျိုးချစ်ဓါး ။
ငါရေးသည့်စာ ငါ့ကဗျာကား
မိစ္ဆာသူ့နား ပိတ်ဆို့သွားဖို့
အကြားဖျောက်မည့် မျိုးချစ်ဓါး ။
ငါရေးသည့်စာ ငါ့ကဗျာကား
မိစ္ဆာရန်လက် ရှေ့မဆက်ဖို့
ပြုတ်ထွက်စေမည့် မျိုးချစ်ဓါး ။
ငါရေးသည့်စာ ငါ့ကဗျာကား
မိစ္ဆာခြေရှုပ် ပြည်ကနုတ်ဖို့
အငုတ်ရှင်းမည့် မျိုးချစ်ဓါး ။
ငါရေးသည့်စာ ငါ့ကဗျာကား
မိစ္ဆာဉာဉ်ဆိုး ရိုက်ဖြတ်ချိုးဖို့
ပြည့်ကျိုးကြည့်သော မျိုးချစ်ဓါး ။
ငါရေးသည့်စာ ငါ့ကဗျာကား
မိစ္ဆာစိတ်ယုတ် သူ့သရုပ်ကို
ထုတ်ဖော်ပြမည့် မျိုးချစ်ဓါး ။
ထို့ကြောင့်သာတည့်
မျိုးချစ်သည့်ဓါး ကလောင်အားနှင့်
ငါကား တိုက်ပွဲဝင်ဦးအံ့ ။ ။
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment