Sunday, 30 December 2012
ရောက်ချင်သေးသည် မောတို့ပြည်
ထင်းရှုးနှင့် ယူကလစ်
အလှစစ် ချယ်ရီမြေ ။
နိမ့်မြင့်စုံ တောင်ခါးပန်းက
စိမ့်စမ်းထွေထွေ ။
တောင်ရိုးက ပန်းနံ့တွေ
ပျံ့ဝေဝေ အကြိုထူး ။
မြေပြန့်သား တောင်ပေါ်ရောက်
ဝမ်းမြောက်ကြည်နူး ။ ။
ပင်းတယ လမ်းတစ်လျှောက်
အံ့လောက်တဲ့ ညောင်ပင်တွေ ။
သက်ဝင်သူ ကနွဲ့ကလျ
ရှိကြပါပေ ။
ဘုတ်တလုပ် ကန်တော်ရေ
မြင်စေသူ စိတ်ကြည်လန်း ။
ပန်းချီငို စခန်းတစ်ထောက်
ရောက်ခဲ့ရလမ်း ။ ။
ရောက်ခဲ့စဉ် လေ့လာရ
ပင်းတယ လှိုဏ်ဂူတွင် ။
ကျောက်ပန်းစွဲ များအပြား
တွဲလျားကျမြင် ။
ထိုးခတ်တော့ သံစုံလွင်
အသွင်စုံ တူရိယာအလား ။
မင်းဆူဆူ အလှုပြည့်
ဖူးတွေ့ရသား ။ ။
ပင်တယလှိုဏ် ပြန်ဆင်းသက်
အတက်နှင့် အတူတူပင် ။
တိုင်းရင်းသံ ချိုဝဲဝဲဖြင့်
ခင်လည်းခင်မင် ။
ပဲပုတ်နှင့် မုန်လာချဉ်
သင်းလွင်လွင် လ္ဘက်ခြောက် ။
မြည်းသောက်သူ ခရီးသွားကို
စွဲအားပိုလောက် ။ ။
တစ်ခေါက်ဆို ဆိုသလောက်
မေ့ပျောက်လို့ မရနိုင် ။
တိုင်းရင်းသူ တိုင်းရင်းသားတို့
စိတ်ထားကြည်ခိုင် ။
ဧည့်ဝတ်ပြု ဖော်ရွေလှိုင်
ပျော်ရွှင်နိုင် စေတနာထား ။
အပြန်မှာ လက်ဆောင်ကောင်းတွေနှင့်
နွေနှောင်းခါ အလည်လာဖို့
ဖော်ရွေစွာ အမှာတမ်းတဲ့
မောရှမ်းပြည် နောက်တစ်ခေါက်ကိုကွယ်
ရောက်ရချင်သား ။ ။
ခရုလိုလူနှင့်အခြားကဗျာများမှ
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment