Tuesday, 2 April 2013

အတင်းပြောရန်အတွက် တင်ဒါခေါ်ခြင်း




ဟိုဘက်အိမ်ကအကြောင်းလည်း ပြောပြီးပြီ
ဟိုမိသားစုအကြောင်းလဲ ကုန်ပြီ
အိမ်နီးချင်းတွေအကြောင်းလား ရစရာကို မရှိတော့ဘူး
အပေါင်းအသင်းတွေအကြောင်း
ပတ်သက်ရာပတ်သက်သူတွေအကြောင်း
နယ်အကြောင်း မြို့အကြောင်း တိုင်းအကြောင်း
ပြည်နယ်အကြောင်း နိုင်ငံအကြောင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအကြောင်း
အုပ်ချုပ်သူ လူတန်းစားတွေအကြောင်း
အုပ်ချုပ်ခံ လူတန်းစားတွေအကြောင်း
လက်နက်တွေအကြောင်း
တစ်ယောက်နဲ့ တစ်ယောက် ဆဲဆိုနေကြတဲ့
ငြိမ်းချမ်းရေး တောင်းနေသူတွေအကြောင်း
ညီညွတ်ခြင်းလုပ်ငန်းကိုမသိပဲ
ညီညွတ်ရေးခေါင်းစဉ် ရေးနေသူတွေအကြောင်း
အခု အဓိကပြောရမှာက ကိုယ့်အိမ်အကြောင်း
အကြောင်း အကြောင်းတွေကို
ဖြေးဖြေးပြောရန်မလို ဟန်ဆောင်ပြောရန်မလို
ပြောနေကြအတိုင်းပြောပါ ဗီဇအတိုင်းပြောပါ
ကျွမ်းကျင်မှုအတိုင်းပြောပါ
ဘာဘာ ညာညာ ရတဲ့အထိပြောပါ
နားထောင်သူတွေက တန်ရာတန်ကြေး ပြန်ပေးပါလိမ့်မယ်
ယနေ့မှစ၍ လျှောက်လွှာများကို ဝယ်ယူနိုင်ပါပြီ
မှတ်ချက် ။ ။
ကမ္ဘာကျော် သတင်းကြေငြာသူများ
နိုင်ငံပိုင် အသံလွှင့်ဌာန သတင်းကြေငြာသူများ
ပုဂ္ဂလိက အသံလွှင့်ဌာန သတင်းကြေငြာသူများ
ရပ်ကွက်ထဲမှ သတင်းလွှင့် အတင်းပြောသူများ
အစဉ်အတိုင်း ဦးစားပေး ရွေးချယ်သွားမည်
အထူးအခွင့်အရေး
သတင်းဌာန အသီးသီးတွင်
သတင်းကြေငြာဖူးသူများလည်း အကြုံးဝင်သည်
ပိတ်ရက်မရှိ နားရက်မရှိ
ကဲ တင်ဒါပွဲ စတင်ပြီ ဖြစ်ကြောင်း ။ ။






                                                   ဟိန်းစံ ( ပဲခူး )








No comments:

Post a Comment