Monday, 5 March 2012

ကဗျာ

 “ နှီးချက် ”

ရာဇဝင်ထဲကစကား
နှလုံးသားမှာတော့ အားဖြစ်ခဲ့...။

ဘာတဲ့...
ဘုရင့်နောင်ဖောင်ဖျက်သလိုမျိုး
ဟုတ်ပါရဲ့
ငါ့တိုက်ပွဲက ပန်းဝါမဟုတ်ပေမယ်
ပရမ်းပတာ ဓနတိုက်ပွဲ....။

ငါစီးခဲ့တဲ့ဖောင်က အေးဂျင့်
ချိတ်ဆက်ချည်နှောင်ထားတဲ့ နှီးချက်က ကောလင်း
ငါ့ရဲ့ရန်သူက
ဆေးစစ်ခြင်းနှင့် အလုပ်ရှင်
လဲဗီးကြေးကတော့
ခြုံခိုတိုက်ခိုက်သူပေါ့
အဲ...ရှိသေးတယ် ခေါင်းဝါတွေ
သူတို့နောက်က နက်ပြာဝမ်းဆက်တွေ...။

ငါ...ငါးစင်ရိုင်းမဟုတ်ပေမယ့်
ဒီတိုက်ပွဲမှာ နိုင်ကိုနိုင်ရမယ်....။

အံတင်းတင်းကြိတ်လို့
ခံပြင်းတဲ့စိတ်က အထွတ်အထိပ်အရောက်
ငါ့ရဲ့ မျှော်လင့်ခြင်းဓါးအိမ်ထဲက
ယုံကြည်ချက် ဓါးကိုထုတ်ပြီး
ငါ စီးခဲ့တဲ့ဖောင်က
နှီးချက်တွေကို ခုတ်ဖြတ်
တိုက်ပွဲကို ဆက်ခဲ့တယ်...။

ဘုရင့်နောင်ရဲ့ဖောင်က
နှီးချက်အပျက်တွေ
ဘယ်ကမ်းမှာကပ်လို့
ငါ့ဖောင်က နှီးချက်အပျက်တွေ
ဘယ်သောင်မှာကပ်ခဲ့တယ်မသိ....။

အခုတော့
ဘုရင့်နောင်တို့ရဲ့ ရွှေနိုင်ငံက
အထီးတည်း မမှုန့် တမှုန်
ငါ့ရဲ့ ဘဝကတော့
မပြီး မစီး မလုံ့ တလုံ....။    ။



              အတွဲ ( ၄ ) အမှတ် ( ၉ ) လမ်းသစ်ဂျာနယ် မလေးရှားတွင်ဖော်ပြပြီး
Posted 2 day

No comments:

Post a Comment