Monday, 5 March 2012

ကဗျာ

  “ မလွဲစေချင်ဘူး ”

အပြန်ခက်တာလား
မပြန်တတ်တာလား
အကြံပျက်မသွားအောင်တော့
ဟန်ချက်ညီဖို့လိုတယ်...။

အတိမ်းအစောင်းဆိုတာ
ဝန်ထုပ်ဝန်ပိုးကြောင့်လည်း ဖြစ်နိုင်တယ်
ဆန္ဒကြောင့်လည်းဖြစ်နိုင်တယ်
နေရာဒေသနဲ့
ပယောဂကြောင့်လည်းဖြစ်နိုင်တယ်...။

မနိုင်တာကို မထမ်းခဲရင်တော့ ကောင်းရဲ့
ထမ်းခဲ့ပြီးပြီဆိုရင်တော့
နိုင်အောင်ကြိုးစားရမှာက
အတူမရှိတဲ့ နိယာမတစ်ခုပဲ...။

ကြက်ခြေခတ်ဆိုတာလည်း
အမှန်ခြစ်လောက်
ဂုဏ်ယူစရာမကောင်းဘူးလို့ သိရင်
မဖြေတတ်တဲ့ ပုစ္ဆာတွေထဲကနိုးထ
သင်္ကေတလှလှတွေနဲ့ တွဲကပြီး
ကိုယ့်ရဲ့မျက်နှာမူရာခရီးကို အရောင်စိုး
အလှတိုးဖို့အတွက်
သန့်ရှင်းတဲ့ အရောင်တော့လိုအပ်တယ်...။

လာ သူငယ်ချင်း
သည်ခရီးပြင်းမှာ
ငါတို့တတွေရဲ့
ဆေးခြယ်မှုများခိုင်ခန့်ဖို့
စိတ်ဓါတ်တွေကို ခွန်အားဖြည့်ရအောင်....။   ။


             အတွဲ ( ၄ ) အမှတ် ( ၁၁ ) လမ်းသစ်ဂျာနယ် မလေးရှားတွင်ဖော်ပြပြီး

No comments:

Post a Comment