Tuesday, 6 March 2012

ကဗျာ

                     “ အရင်းအနှီး ”


ကိုယ်က နည်းနည်းပြောပြနိုင်ဖို့
ကိုယ်တိုင် အများကြီး အပြောခံခဲ့ရတာ...။

ကိုယ်က လူငယ်ပဲလေ
လူကြီးတွေရဲ့ မှားယွန်းစွပ်စွဲမှုအတွက်
ကိုယ့်ရဲ့ဖြေရှင်းချက်ဟာ
ဆင်ခြေတွေ ဖြစ်ကုန်ရော...။

ကိုယ်က နိုင်ငံခြားသားလေ
ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့
ယဉ်ကျေးမှုနဲ့ သုံးတဲ့စကားမှာ
ချွတ်ချော်မှုတွေနဲ့ ကျိုးစားနေတဲ့ကိုယ့်ကို
သူတို့ ကိုယ်တိုင် အားပေးသင်ပြနေချိန်
ကိုယ်တို့နိုင်ငံကလာတဲ့
ကိုယ့်နိုင်ငံသား တစ်ချို့ဟာ
သရော်အပြုံးများနဲ့
ရယ်ပွဲဖွဲ့စရာဖြစ်လို့...။

ကိုယ်က ဝန်ထမ်းသစ်လေ
စီနီယာ မန်နေဂျာနဲ့ အလုပ်ရှင်ရဲ့
ဟိန်းဟောက် မောင်းမဲသံတွေကြောင့်
ဟန်ဆောင်လို့မတတ်တဲ့
ကိုယ့်ရဲ့မျက်နှာဟာ
ကျက်သရေမရှိ ဖြစ်ပြန်တယ်...။

ကိုယ်က အုပ်ချုပ်ခံလေ
အုပ်ချုပ်သူ လူတန်းစားတွေရဲ့ ကြိုးအောက်
ချိုကလည်းမပေါက်
ခုန်ပေါက်ကတဲ့ ရုပ်သေးလည်း လုပ်မပြနိုင်တော့
သူတို့က ရင်ခံ
ပုန်ကန်သူလည်း ဖြစ်သေးတာ...။

မတက်နိုင်ဘူးလေ
ကိုယ်ရခဲ့တဲ့ ဘဝတစ်ခုအတွက်
ကိုယ့်ရဲ့ အိပ်မက်ဟာ ရွှေထီးဖြစ်ခဲ့ရင်
ကိုယ်မနိုးထနိုင်သေးတဲ့
အချိန်တွေတိုင်းဟာလည်း
ကိုယ့်ရဲ့ အရင်းအနှီးတွေပဲပေါ့....။

အဲဒါကြောင့်ပြောပါတယ်
ကိုယ်က နည်းနည်းပြောပြနိုင်ဖို့
ကိုယ်တိုင် အများကြီး အပြောခံခဲ့ရတာ  ။       ။



                  အတွဲ ( ၁ ) အမှတ် ( ၈ ) မြန်မာ့စတိုင်ဂျာနယ် မလေးရှားတွင်ဖော်ပြပြီး



No comments:

Post a Comment