Wednesday, 24 October 2012

မလေးရှားရောက် ကချေသည်များ



တစ်ပင်တိုင်ဆိုရင်
သုံညအဆင့်က မကျော်ပေမယ့်
နှစ်ပါးသွားဆိုရင်တော့
အကျောပေး အကျောမဲ့
ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ပဲ
ဘာရယ်...
နောက်ပိုင်းဇာတ်ရုပ်
အဟုတ်ကို အောင်မြင်ပါရဲ့
ဒီအပိုင်းမှာ
ကျွမ်းကျင်အဆင့်ဆိုတာထက် ပိုကျွမ်းကျင်
သူတို့တွေကြောင့်
ယောင်္ကျားမင်းသမီးကို  အားနာတယ်
လေဘာတီကို  အားနာတယ်
ယူတိစီကို  အားနာတယ်
ဆိုဗီယက်ပြန်ကို အားနာတယ်
တစ်ခိုင်လုံးရွှေကို   အားနာတယ်
မြဝတီပြိုင်ပွဲက
တံဆိပ် ရ မရတွေကို   အားနာတယ်
အုတ်အရောရော ကျောက်အရောရော
အထက်က ခေါင်းစဉ်ရဲ့ ရေသောက်မြစ်တွေဟာ
ကံကြမ္မာဆိုတာကို
ဟိုတွန်းဒီရွေ့နဲ့
ကျားကိုက်မယ့်နေရာရှာနေကြတာ
အခုဆို
မလေးရှားရောက်
သနပ်ခါးရဲ့ ဆွေတော်မျိုးတော် မင်းသမီးတွေ
စည်းနဲ့ဝါးကို  မသိပေမယ့်
စီးတဲ့ကားရဲ့အသံထွက်ကိုတော့
သင်ယူနေကြပြီ        ။       ။


   

                                                     ဟိန်းစံ ( ပဲခူး )



1 comment:

  1. ကြည့်ပြီးပြောနေသလိုပါပဲ ကောင်းလိုက်တာ
    ခင်တဲ့ မကြီး jasmine

    ReplyDelete