ထနောင်းပင်တွေရှိတယ်
တမာပင်တွေရှိတယ်
စိန်ပန်းပင်တွေရှိတယ်
သဇင်တွေပန်ထားတဲ့ မန်ကျီးပင်တစ်ပင်ရှိတယ်
နှင်းတွေရဲ့မျက်ရည်နဲ့ ရနံ့ကူးတဲ့ ဆိပ်ဖလူးပန်းပင်ရှိတယ်
နွားတင်းကုပ်ကို လွမ်းတဲ့ တရုတ်စကားပင်ရှိတယ်
သူ့အတွက် ညည်းခဲ့တဲ့ တေးတွေ
အညောင်းမိတိုင်း လျောင်းနေတဲ့ မြေနီလမ်းကလေးရှိတယ်
အအေးဓါတ်တွေ တဖြည်းဖြည်းကဲလာပြီ
ကျွန်တော့်ခြေလှမ်းတွေ အဲလမ်းထဲကို တဖြည်းဖြည်းတိုးခဲ့ပြီ
ဝါးလုံးတန်းလျှိုထားတဲ့ ဝင်းအတွင်းက ကျွန်တော့်နှလုံးသားကို ပြန်ငေးနေမိဆဲ
နှင်းတွေစိုပြီး အေးစိမ့်လာတဲ့အချိန်
အဲလမ်းပေါ်မှာ နံနက် ငါးနာရီထိုးခဲ့ပြီ ။ ။
ဟိန်းစံ ( ပဲခူး )

No comments:
Post a Comment