နေ့စေ့စေ့ လစေ့စေ့
မပေးလိုက်ရတဲ့ကဗျာ
အမှတ်တရပါဆိုမှ
အမှတ်မှားလောက်အောင်နောက်ကျ
အနာသင့်တိုင်း ကဗျာပွင့်တဲ့သူ
အနာမြင့်တိုင်း ကဗျာလွှင့်တဲ့သူ
အနာရင့်တိုင်း ကဗျာဆင့်တဲ့သူ
ဗိုလ်ချုပ်နဲ့ဖွားရက်တော်တဲ့သူ
တကယ့်ကို ကြုံကြုံနဲ့မှကြိုက်ကြိုက်
သူက နှစ်ဆယ့်ရှစ်နှစ်ပြည့်
မော့ ( စ် ) က ငါးဆယ့်ကိုးနှစ်ထွက်
ပြဿဒါးနဲ့ရက်ရာဇာက နှစ်ပိုင်းတစ်ပိုင်းစီ
ကုမ်ရာသီ မြွေနှစ် ဆိုင်ဆိုင်မဆိုင်ဆိုင်
ဆိုင်ရင်အဖြေထွက်မယ်
မဆိုင်ရင်အနေခက်မယ်
အဲဒီနေ့ကအလုပ်နားရက်
အိပ်မက်ကမဆိုးဘူး
ရနံ့ကူးထားတဲ့အိင်္ကျီနဲ့ ရထားကျော်စီးတဲ့အထာ
ရှိတာပေးမယ်ကြံတော့မတော်
ကဗျာတစ်ပုဒ်ဖော်ဖို့လုပ်တော့
ကာရန်ကဘယ်လောက်သား
နိမိတ်ပုံကဘယ်နှစ်ရွေး
ရစ်သံကဘယ်နှစ်စ
ဒီတစ်ဖုံစာအတွက်လည်း
ညှစ်ထားသစ်ထားတာတွေမရှိ
သိမှု မသိမှုဟာ မသိမှု သိမှုတွေဖြစ်လို့
ဘလက်ကာလာရင်ဘတ်ကြားက
အရှက်အကြောက်မဲ့ ရေးခြစ်လိုက်တယ်
အားနာလိုက်တာ ကဗျာဆရာ ။ ။
13-2-2013ရက်နေ့ကျရောက်သော
ကဗျာဆရာ မိုးဇက် ( သခွတ္တနယ် ) ၏ -၂၈ - နှစ်ပြည့်မွေးနေ့လက်ဆောင်
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment