Thursday, 7 March 2013

ပင်လယ်ဟာ လန့်လန့်နိုး ( အိပ်မရတဲ့ပင်လယ် )




ငါ တရေးမှမပျော်ဘူး
တက်ချိန်တန်တက် ဆင်းချိန်တန်ဆင်း
အဲသလောက်နဲ့ပျော်နေတတ်တဲ့ ငါ့ထံ
မထွေးကို အမိဖမ်းဖို့
ဆူနာမီနဲ့လက်ချင်းရိုက်လာကြ
ငါ့ဘဝထဲမှာ
အမှိုက်သရိုက်တွေကို မထားဘူး
အပုပ်အပွတွေကို လက်မခံဘူး
အခုတလော
ငါ့ခန္ဓာတစ်လျှောက်
အချို့ အချို့ အစိတ်အပိုင်းတွေမှာ ငြင်းကြ ခုံကြ
တရုတ်ရဲ့အသံ ဂျပန်ရဲ့အသံ
ရိုက်ခတ်ပျံတက်သွားတိုင်း
ငါ လန့်လန့်နိုးတယ်
ယမ်းပြုံနေတဲ့ ပြုံယမ်းက နျူးစမ်းသပ်မှုဟာလည်း ငါ့ကိုယ်မှာပဲ
ဆိုးနဲ့ဝါရှင်တန်ရဲ့ အင်အားပြပူးတွဲလေ့ကျင့်မှုဟာလည်း ငါ့ကိုယ်မှာပဲ
ဒီအထဲ ထိုင်ဝမ် ဖိလစ်ပိုင် မလေးရှား ဗီယက်နမ် ဘရုနိုင်းတွေလည်း
တရုတ်နဲ့ယှဉ်လို့ လုတုန်း ယက်တုန်း
တရုတ်ဟာ ရုတ်တရက် တစ်ရွာလုံးနဲ့တစ်ယောက်
ငါလည်း အတိတ်များစွာထဲက ဆုတောင်းမပြည့်ဘူး
ငါ့ရင်ကို ပိုက်တပ်ပြီး အငွေ့ထုတ်ချင်သူတွေ
ငါ့ရင်ကိုခြစ်ပြီး သယံဇာတ နိုက်ချင်သူတွေ
ငါ့ရင်ကိုဖြတ်ပြီး နယ်ချဲ့ချင်သူတွေ
ငါ့ရင်ကို သွေးခဏခဏစွန်းစေတဲ့ ဆိုမာလီကြောင့်
ငါ အိပ်လိုက်တိုင်း အိပ်မက်ဆိုးတွေ မက်မက်နေ ..... ။ ။




                                                                                              ဟိန်းစံ ( ပဲခူး )






No comments:

Post a Comment