Sunday, 3 November 2013

3 D မျက်မှန်တပ်၍မဖတ်ရ



စတုဒိသာဒုက္ခကို
လက်လွန်ခြေလွန် ကဗျာရေးနေတုန်း
နားနှစ်ဘက်အောက်က တိုးသွားတဲ့လေအတွင်း
စိတ်ရှိလက်ရှိ တစ်တစ်ခွခွ ကျိန်စာနဲ့
လွန်းထိုးနေဆဲမေတ္တာဟာ
ဟိုတစ်နေ့ကလောင်းတဲ့ညောင်ရေထဲ
အကျိုးယူပူးပေါင်းဆောင်ရွက်ခြင်းတွေလျှံလို့
ပုဒ်ပြည့် ပါဌ်ပြည့် ထိုင်ခုံတွေခြစားခံရတာ
ပင်ကိုယ်သစ်ကမကောင်းလို့လား
ခြတွင်းအထက်မှာထားလို့လား
စိတ်မှာကျီးပေါင်းတက်နေသရွေ့တော့
ခေါင်းမှာပန်းတွေမပွင့်ဘူး
ပုခုံးမှာအပွင့်တွေပွင့်မယ်
အလျင်းသင့်တဲ့အခါ ထိုင်ပါ
အလျင်းမသင့်တဲ့အခါ ထပါ
ညနက်ခြင်းရဲ့နောက်
သန်းခေါင်ကျော်ကြက်တွန်သံကိုကြားရ
အနာကြီးကြီးရှိသူများ
ဒုတ်ဘယ်နားကျကျ နာနေတတ်တာဆန်းရင်
ဆင်မှာလည်း အနာကြီးကြီးရှိတယ်
အသက်လေးရလာတဲ့မြို့ကိုကြည့်ပါ
တဖြည်းဖြည်းရုပ်ကျလာပြီ
အားနဲ့ဝန် လွန်ဆွဲမယ့်ကြိုးအတွက်
လက်ထိုးဘို့ဆိုတာလည်း
ဒီမြို့ကိုသူမပိုင်ဘူး
တံခါးပိတ်ဆွေးနွေးမယ်
သတင်းစာရှင်းလင်းပွဲလုပ်မယ်
ထိပ်သီးအစည်းဝေးက
အဝေးမှာစည်းထားတဲ့ထိပ်ကို ဖြေပေးဘို့တောင်းဆိုကြ
ကိုယ်ထူကိုယ်ထစနစ်မှာ
ကိုယ်ယူကိုယ်ရဖြစ်ချင်ဖြစ်မယ်
ဇွတ်အတင်းဆွေမျိုးစပ်ရင်တော့
သူလည်း ဗူးစင်အောက်မှာ အရီးခေါ်ဖူးတာပဲ
ခြေတစ်ဘက် လက်တစ်ဘက်မက လျှိုချင်သူအိမ်နီးချင်းရဲ့
အဖျားကျ ဆက်ဆံရေးအခြေအနေမှာ
ချောင်းဆိုးနှာပိတ်တာလောက်တော့ကျန်သေးတယ်
အရှင်းမပျောက်တဲ့ ရောဂါဟာ
ဗိုက်နာတုန်း အောက်ကြေးဖွင့်လိုက်တဲ့ သမိုင်းတစ်ပုဒ်လို
ပုံပျက်ပန်းပျက်မဖြစ်အောင်မဲခွဲဘို့
ခွဲထားတဲ့မဲတွေ သူစိမ်းဆန်လို့မရဘူး
အမနာပ စကားရည်လုပွဲတွေလည်း
လူကြီးလူကောင်းဆန်ဆန်
ထိုင်ခုံနဲ့ ၊ မိုက်နဲ့ ၊ ရေသန့်ဗူးနဲ့ ၊ တစ်ရှူးဗူးနဲ့
တစ်စုံတစ်ရာသက်ရောက်မှုက
အစာအိမ်ပေါ်မှာ ၊ လမ်းတွေပေါ်မှာ ၊ ဆေးရုံပေါ်မှာ
လူမသိသူမသိ တိုးတိုးတိတ်တိတ် မြေမြှုပ်ပွဲတွေမှာ
တောကနက်သထက်နက်လာပြီ
နတ်တွေလည်းကြီးသထက်ကြီးလာပြီ
ကြည့်သွား ၊ ကြည့်ပိုင် ၊ ကြည့်မဆိုင်တတ်ရင်
ဆင်နဲ့အတိုက်ခံရမယ်
ခြင်္သေ့နဲ့အတိုက်ခံရမယ်
တောခြောက်ကြမ်းလာတာနဲ့အမျှ
ဘဝအပျောက်တွေလည်းကြမ်းလာ
ဘယ်သူပါတယ် ဘယ်ဝါပါတယ်
ခုံဖွဲ့ရေးလည်းသူတင်ကိုယ်တင်
ဘုံချဲ့ရာလည်းကြိုးစားပမ်းစား
ယုံခဲ့တာတွေအတွက်တော့
နောက်ဘဝလည်း
ဒီအရပ်မှာလူလာဖြစ်လှည့်ပါ
မသာသေဖော်ညှိတယ်ပဲပြောပြော
ကျွန်ဝယ်ရာပဲအဆစ်လိုက်လိုက်
တစ်ယောက်ယောက်အကိုက်ခံနေရတာကြာပြီမို့
ဒီအသိုက်မှာ ဒီစရိုက်ရှိကြောင်း ကြိုပြောထားမယ်
ခင်ဗျား လိုက်ဖြစ်အောင်လိုက်ခဲ့ပါ။





                                                                     ဟိန်းစံ ( ပဲခူး )

ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ် ( ၅၃ ) နိုဝင်ဘာ ၂၀၁၃



 

No comments:

Post a Comment