အလုအယက်လား အတိုးအဝှေ့လား မမေးနဲ့
တအုန်းအုန်း တဒိုင်းဒိုင်း ဖောက်နေတဲ့
နိုင်ငံရေးဗြောက်တွေကြား
တရုန်းရုန်းနဲ့ အုတ်အော်သောင်းတင်းဖြစ်နေတာ
ရုပ်ကြီးစင်ပွဲပေါ့ ။
ဖျာကိုင်ထားတဲ့လက်ကိုယ်စီနဲ့
ချွေးတဒီးဒီးကျနေသူတွေလည်း
ပွဲလှန့်သူတွေကိုမျှော်ရင်း
ပွဲလန့်ရာအရပ်ကိုတရွေ့ရွေ့ ။
ဒီအခန်းမှာ ပွဲကြိုက်ခင်သီချင်းက
သူ့ကိုစောင်းသလိုလို ကိုယ့်ကိုစောင်းသလိုလို
ဆန္ဒပါသူက တိုးတိုးညည်းပြီး
ဆန္ဒပြင်းသူက အော်ဟစ်ဆိုနေကြ ။
ဘယ်နှစ်သံချီမှန်းမသိတဲ့ ကရေစီဟာ
ဒီဦးခေါင်းကချွတ် ဟိုဦးခေါင်းမှာစွပ်
ဟိုဦးခေါင်းကချွတ် ဒီဦးခေါင်းမှာစွပ်
ချွတ်စွပ် အရင့်ပညာရှင်ကြီးများရဲ့ဖျော်ဖြေမှုမှာ
အနုပညာမဆန်နိုင်တဲ့ ဘဝတွေကိုထုပ်ပိုးရင်း
ခင်ဗျားလည်း ယောင်တုန်း ချာတုန်း
ကျုပ်လည်း ချာတုန်း ယောင်တုန်း ။
ဒီလိုပဲ
စိတ်ကိုတိုက်သွားတဲ့ခလုတ်ကြောင့်
ဟို ဆယ့်နှစ်ပွဲဈေးသည်ကြီးရဲ့ အရမ်းစွန်နေတဲ့ရောဂါကို
အသက်ခွန်နှစ်ချက်အောင့်
ငါးပိရိုးနဲ့ထိုးကုလိုက်တဲ့အခန်းမှာ
အားပေးသလိုလို အားနာသလိုလို
လက်ခုပ် တီးခဲ့လိုက်တာပါပဲ ။ ။
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment