Thursday, 28 November 2013
ကိုယ်စားဘဝ ပီတိမျှမည်
( ၁ )
ဓမ္မာရုံမုခ်ဝကဆိုင်းဘုတ်ဟာ ဖွားမေလက်ထဲမှာကိုင်ထားတဲ့ဖိနပ်လေးကို လွတ်ကျစေခဲ့တယ်။ ဖွားမေဘဝမှာ ဘယ်တော့မှမရနိုင်တော့ဘူးလို့ထင်ထားတဲ့ စာလုံးပေါင်းသတ်ပုံအောက်မှာ မိနစ်အတော်ကြာငေးနေမိတဲ့အထိပေါ့။ ဒီနေ့ ဒီအသင်းရဲ့ နှစ်ပတ်လည်ပွဲနေ့ဆိုတာလည်း ဖွားမေကြိုသိထားတယ်။ ပြီးခဲ့တဲ့လပထမအပတ်က လစဉ်ထောက်ပံ့ကြေးလာကန်တော့သွားတဲ့ သားသမီးတွေပြောသွားကြလို့လေ။ ဒါပေမယ့် အခုလောက် တခမ်းတနားဖြစ်နေမယ်လို့တော့ ဖွားမေထင်မထားဘူး ။ ဒီအတွေးက ဖွားမေရင်ထဲက အတွေးအမှန်ပါ ။
ဖွားမေက ဒီအသင်းရဲ့စောင့်ရှောက်ခံ အဘွားဖြစ်ခွင့်ရတာလည်း မကြာသေးပါဘူး။ ရှိလှ ရက်ပေါင်းခြောက်ဆယ်စွန်းစွန်းပေါ့။ ဒီအသင်းစည်းစနစ်ရှိပုံလေးလည်း ဖွားမေချီးကျူးနေမိတယ်။ ဖွားမေကို စောင့်ရှောက်ခံ အဘွားတစ်ဦးအဖြစ် တရားဝင်သတ်မှတ်နိုင်ဖို့ လာပြီးတွေ့ကြတဲ့ နေ့ကဆို ကလေးတွေ ဖွားမေတဲကိုတော်တော်ရှာလိုက်ရတယ်လို့ပြောတယ်။ ဖွားမေလေ ကလေးတွေစကားကိုကြားတော့ အားနာလိုက်တာ ။
ကလေးတွေက ဖွားမေကိုတွေ့တော့ “ အဖွားဒေါ်တင်မေဟုတ်ပါသလား ”လို့မေးတယ် ။ “ဟုတ်”ပါတယ် ”လို့ ဖွားမေဖြေတော့ သမီးကဘယ်သူပါ။ သားကဘယ်သူပါနဲ့ အဲသလိုလေးတွေမိတ်ဆက်ကြတာ။ ပြီးတော့မှ သူတို့တွေက ဒီအသင်းရဲ့ ကွင်းဆင်းအဖွဲ့လို့ထပ်ပြောတော့ ဖွားမေဖြင့် အံ့သြမိတာ အကြိမ်ကြိမ်ကိုဖြစ်လို့ ။
ဟုတ်တယ်။ ဖွားမေ ဒီကလေးတွေနဲ့မတွေ့ခင် မိနစ်ပိုင်းအထိ ဖွားမေကို တကူးတကလာရှာသူရယ်လို့ ဖွားမေတစ်သက် ရှိမှမရှိဖူးခဲ့တာကိုး။ ဖွားမေကို ဒီအသင်းသိသွားပုံကလည်း အဆန်းသား။ ဖွားမေနေတဲ့ရပ်ကွက်နဲ့ တစ်ရပ်ကွက်ခြားတဲ့ ရပ်ကွက်ထဲက ကလေးတစ်ဦးပေါ့။ အဲဒီကလေးက ဒီအသင်းရဲ့အဖွဲ့ဝင်တဲ့လေ။ အဲဒီကလေးကပဲ အင်တာနက်ကနေ ဒီအသင်းဆီအကြောင်းကြားပေးခဲ့တာလို့ပြောတယ်။ ဖွားမေဖြင့် အဲကလေးကိုတွေ့ချင်လိုက်တာ လွန်ရော။ ဒါပေမယ့် အဲကလေးကပါမလာခဲ့ဘူး။ ဒီအသင်းရဲ့ ပရဟိတကိစ္စတစ်ခုနဲ့ နယ်ရောက်နေတာလို့ တော့သိလိုက်ရတယ် ။
အဲ့ဒီနေ့ကဆို ကွင်းဆင်းလာတဲ့ကလေးတွေက သူတို့အသင်းရဲ့ စည်းမျဉ်းစံနှုန်းတွေအတိုင်း ဖွားမေကို မေးကြတယ်။ အသက်ကဘယ်လောက် တစ်ကိုယ်တည်းရုန်းကန်ခဲ့ရတာကဘယ်လို စတဲ့ဖွားမေဘဝရပ်တည်ခဲ့ပုံတွေကို အရောင်အသွေးကင်းကင်း ပြန်ဖြေပေးခဲ့တယ် ။
ကလေးတွေကမေး ဖွားမေကဖြေနဲ့ တီဗွီတွေထဲကလို အင်တာဗျူးရိုက်နေသလားလို့တောင် တွေးမိသေးတယ်။
ကွင်းဆင်းအဖွဲ့ပြောသွားတဲ့အထဲမှာ ဒီအသင်းရဲ့လစဉ်အစည်းဝေးကျရင် ဖွားမေအတွက် အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့ တင်ပြဆွေးနွေးသွားမယ်ဆိုတာလည်းပါတယ်။ ဖွားမေကလည်း ဒီအသင်းရဲ့ ကိုယ်စားဘိုးဘွားဖြစ်ခွင့်ရဖို့ ကူပြီးဆုတောင်းပေးပါလို့လည်းမှာခဲ့ကြတယ်။
အင်း နောက်တစ်ခုရှိသေးတယ်။ ဒီအသင်းက အဖွဲ့ဝင်တွေဟာ မြန်မာပြည်ကပဲမဟုတ်ကြဘူးတဲ့။ စင်္ကာပူ မလေးရှားစတဲ့ အခြားနိုင်ငံတွေမှာလည်း အများကြီးရှိသေးတယ်ဆိုပဲ ။ ကလေးတွေပြောပြလို့ ဒီအသင်းရဲ့အင်အားနဲ့ လုပ်ဆောင်မှုတွေကို ဖွားမေ တလေးတစားဖြစ်ရတယ် ။ ဖွားမေတို့လို သစ်ခြောက်တစ်ပင်တည်းအဖြစ်နဲ့ နေဝင်ရမယ့်ဘဝမှာ ဒီအသင်းက အရောင်အသွေးစုံတဲ့ငှက်တစ်အုပ်အဖြစ် ဆေးစက်ကျလာတာမဟုတ်လား ။
............................................................................................................................................
( ၂ )
ဒီအသင်းရဲ့ ယာယီရိပ်သာလေးရှေ့အရောက် ဖွားမေရင်ထဲတစ်မျိုးပဲ။ ဝမ်းသာတာလိုလို အားပြည့်လာတာလိုလိုနဲ့။ အတွေးတစ်ခုကလည်း ရုတ်ချည်းဝင်လာသေးတာ ။
ဖွားမေတို့နိုင်ငံမှာ ဆွံ့အနားမကြားကျောင်းတို့ မျက်မမြင်ကျောင်းတို့ မိဘမဲ့ဂေဟာတို့ရှိတယ်လေ။ အဲသလိုမျိုးပေါ့ ။ ခု ဖွားမေရောက်လာတဲ့ ဒီယာယီရိပ်သာလေးက ခိုကိုးရာမရှိကျောထောက်နောက်ခံမဲ့ သက်ကြီးရွယ်အိုများဂေဟာလို့တောင် ခေါ်ရင်ရနိုင်တယ်။ ဖွားမေ ဒီအသင်းရဲ့ယာယီရိပ်သာလေးကိုရောက်တော့ ။ ကိုယ်စားဘိုးဘွားဖြစ်ပြီး နှစ်ပတ်လောက်ပဲရှိသေးတယ်။
ဖွားမေအရင်နေတဲ့ တဲကလေးရဲ့ခြံရှင်က ခြံရောင်းတော့မယ်အကြောင်းကြားလို့ ဒီအသင်းရဲ့ တာဝန်ရှိသူတွေက ဖွားမေကို ဒီရိပ်သာလေးမှာ ပြောင်းပေးခဲ့ကြတာ။ ဒီရိပ်သာလေးရောက်မှ ဖွားမေ အိုဇာတာညံ့တယ်ဆိုတဲ့ဘဝက ကွင်းလုံးကျွတ်လွတ်တယ်လို့ဆိုရမယ် ။ ခုဆို ဖွားမေတစ်ယောက်တည်းမဟုတ်တော့ဘူး။ အထီးကျန်မဆန်တော့ဘူး ။ ကျန်းမာရေးနဲ့ နေ့ဖို့ညစာလို ကြောင့်ကြတွေလည်း ပိန်းကြာဖက်မှာတင်တဲ့ရေလိုပဲ လျောကျသွားတာများ ရှင်းလို့ ။
ဒီရိပ်သာလေးမှာ ဖွားမေတို့လို ဘဝတူအဖွားသုံးလေးယောက်ရှိတယ်။ ဖွားအေးစိန်ဆိုတာကတော့ ဖွားမေနဲ့စကားလက်စုံအကျဆုံးပေါ့ ။ တွေ့စဆုံစဆိုပေမယ့်အဖွားတွေက တစ်ဦးနဲ့တစ်ဦး သိပ်ရင်းနှီးကြတယ်။ ဖေးဖေးမမရှိကြတယ်။ တစ်ခါတစ်ခါ ဘဝရဲ့ရှေးဟောင်းနှောင်းဖြစ်တွေကိုပြောဖြစ်ကြသလို တစ်ခါတစ်ခါတရားကြောင်းပြောရင်း သံဝေဂတွေကူးဆက် ဆင်ခြင်မိကြတယ်။ ဖွားမေထက်အရင် ဒီအသင်းမှာစောင့်ရှောက်ထားတဲ့ ဘိုးဘွားတွေလည်းရှိကြသေးတယ်။ အချို့လည်းဆုံးသွားကြပြီ။ အချို့လည်း သူတို့နေမြဲနေရာလေးတွေမှာ အကြောင်းအမျိုးမျိုးကြောင့် နေနေကြသေးတယ်။ အရင်နေကြတဲ့နေရာမှာ အဆင်မပြေတဲ့ဘိုးဘွားတွေကိုတော့ ဖွားမေတို့လိုပဲ အဆင်ပြေရာမှာ ဒီအသင်းက တာဝန်ယူရွှေ့ပြောင်းပေးထားကြတယ် ။
ဒီအသင်းရဲ့ ကိုယ်ပိုင်ဘိုးဘွားရိပ်သာလည်း ဆောက်ဦးမှာတဲ့။ လောလောဆယ်မြေဝယ်ထားပြီး ပြည်တွင်းပြည်ပအဖွဲ့ဝင်တွေ အားကြိုးမာန်တက် ကြိုးစားနေကြတယ်လို့ကြားတယ်။ မြန်မြန်အောင်မြင်ပါစေ၊ ဖြူဖြူစင်စင်အားပေးသူတွေ အများကြီးပေါ်ပါစေလို့ ဖွားမေဘုရားရှိခိုးတိုင်းဆုတောင်းမိတယ်။ ဒါမှ ဖွားမေတို့လို အစောင့်ရှောက်မဲ့ စွန့်ပစ်ခံဘိုးဘွားတွေ တရားနဲ့ခေါင်းချခွင့်ရကြမယ်လေ ။ ဖွားမေကအဲသလိုဆုတောင်းဖြစ်တယ်လို့ပြောရင် ဖွားအေးစိန်က တော်တောင်းတဲ့ဆုတွေကပြည့်ကိုပြည့်ဦးမှာပါတော်လို့ ပြန်ပြောတတ်တာ ။
ဖွားအေးစိန်ဆိုတာ ဒီအသင်းနဲ့ပတ်သတ်ပြီး ဖွားမေအတွက်မှတ်တမ်းစာအုပ်ကြီးတစ်အုပ်လိုပါပဲ ။
ဒီအသင်းက ကလေးတွေဟာ စောင့်ရှောက်ခံဘိုးဘွားတွေဆီ လစဉ်ဘယ်လိုထောက်ပံ့သွားကြတာ။ ဘိုးဘွားတွေထံရောက်ရင်လည်း ဘယ်လိုခြေဆုပ်လက်နယ်ပြုတာ။ သဘာဝဘေးဒဏ်ကျရောက်တဲ့နေရာတွေမှာ လှူကြတော့ဘယ်ပုံ စတဲ့အကြောင်းတွေကို လုံးစေ့ပတ်စေ့ပြောပြတတ်တာ။
သီတင်းကျွတ်ရင် ဝါကျွတ်ကန်တော့ပွဲလုပ်ကြတာလည်းပြောတယ်။ ပြီးတော့ တန်ခူးလမှာ အသင်းက ကလေးအချို့ သာသနာ့ဘောင်ဝင်ကြတော့ ကိုယ်စားဘိုးဘွားတွေအဖြစ်နဲ့ ကလေးတွေရဲ့မိဘရင်းတွေနဲ့တလှည့်စီ ဆံခံခွင့်ရကြတာတဲ့။ တရားနာတော့လည်း ရေစက်ချခွင့်ရကြပြန်သေးတယ်တဲ့လေ ။
မွေးစားခံ ဘိုးဘွားတွေဆိုပေမယ့် ဘိုးဘွားရင်းနဲ့မခြား နွေးထွေးချစ်ခင်ကြတယ်ဆိုတာလည်းပါသေးတယ်။ ဖွားအေးစိန်ပြောတာတွေနားထောင်ပြီး ဖွားမေကြည်နူးလိုက်တာအရမ်းပဲ ။
ဖွားမေတို့ရဲ့ နဂိုဘဝအတိုင်းဆို သီတင်းကျွတ်လာကန်တော့မယ့်သူဆိုတာ ခပ်ဝါးဝါးကလေးတောင် စိတ်ကူးမယဉ်ဖူးတဲ့ကိစ္စ။ ကိုယ်တိုင်လှူဒါန်းပြီး သာသနာ့ဘောင်ဝင်မယ့်သားမြေးတွေကို ဆံခံခွင့်ရဖို့ တရားနာ ရေစက်ချခွင့်ရဖို့ဆိုတာကလည်း အိပ်မက်ထဲမှာတောင် ကံကောင်းနိုင်မယ့် ထီလတ်မှတ်မျိုးမှမဟုတ်တာ ။
...............................................................................................................................................
( ၃ )
ဖွားမေတို့ကိုကြိုလာတဲ့ ကားကြီးပေါ်မှာ နေရာအသီးသီးက ကျန်းမာရေးကောင်းတဲ့ စောင့်ရှောက်ခံဘိုးဘွားတွေလည်းပါတယ်။ အချို့ဆို ဝှီးချဲလို့ခေါ်တဲ့ လက်တွန်းလှည်းလေးတွေနဲ့ ။ သိပ်မကြာခင် နှစ်ပတ်လည်ပွဲကျင်းပတဲ့နေရာကိုရောက်မယ်လို့တော့ ဖွားအေးစိန်ကပြောတယ် ။ အဲကျရင်တော့ ဖွားမေမမြင်ဖူးသေးတဲ့ ပြည်တွင်းပြည်ပကအဖွဲ့ဝင်သားသမီးတွေနဲ့လည်း ဆုံရမယ်။ ပြီးတော့ဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးတွေ မီဒီယာဆိုတာတွေကိုလည်း မြင်ဖူးရဦးမှာ ။
ဟော တွေ့ပြီ ။ “ကိုယ်စားဘိုးဘွားများကိုဦးထိပ်ထား၍ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်း နှစ်ပတ်လည်ပွဲ” တဲ့။ ဖွားမေတို့ကိုကြိုလာတဲ့ ကားကြီးပေါ်ကအဆင်း မြင်လိုက်ရတဲ့ဓမ္မာရုံမုခ်ဝက ဆိုင်းဘုတ်ကြီးရဲ့ စာလုံးတွေ ။
ဖွားမေလေ ဒီဆိုင်းဘုတ်ကြီးကိုအကြိမ်ကြိမ်ဖတ်ပြီး အားတွေလည်းမနည်းဖြစ်ရတယ် ။ ဖွားမေနဲ့ဘဝတူ ဘိုးဘွားတွေမှာ သားသမီးဝတ်ငါးပါးနဲ့ပြည့်စုံတဲ့ သားသမီးတွေကိုရကြရပြီလေ။ ဖွားမေပျော်လိုက်တာ ။ ပျော်လွန်းလို့ကျလုလုမျက်ရည်ကို မနည်းထိန်းနေရတယ်။ ဒါတောင် ဖွားမေသတိတစ်ချက်အလွတ်မှာမျက်ရည်က ပါးပေါ်ကိုလိမ့်ခနဲပဲ ။
“ ဖွားမေ တော်ကဒီမုခ်ပေါက်မှာ ဘာရပ်လုပ်နေတာလဲ။ ကျုပ်ဖြင့် ကားပေါ်ကဆင်းပြီးတည်းက ဓမ္မာရုံထဲမှာရှာလိုက်ရတာမောလို့ ။ လာလာပွဲကစတော့မယ် ။ ဓမ္မာရုံထဲဝင်ကြစို့ ။”
ဖွားအေးစိန်ရယ်လေ ပြောလည်းပြော လက်ကလည်းဆွဲခေါ်သွားတာများ၊ ဖွားမေဒရွတ်တိုက်ပါသွားလားမှတ်ရတယ်။ ဟုတ်ပါရဲ့။ ဓမ္မာရုံထဲမှာ ပင့်သံဃာတွေလည်းစုံနေပြီ။ ဧည့်ပရိတ်သတ်တွေလည်းပြည့်လို့ ။
အစီအစဉ်ကြေငြာသူကလည်းကြေငြာနေပြီ။ အခမ်းအနားကို နှစ်ပိုင်းခွဲကျင်းပမှာဆိုတာလည်း ကြားလိုက်တယ်။ ဖွားမေထိုင်ပြီးမကြာဘူး အခမ်းအနားစတယ်။ ဘုရားအမှုးရှိတဲ့သံဃာတော်များထံမှ သီလခံယူကြပြီး ဒီအသင်းနှစ်ပတ်လည်ပွဲကုသိုလ်အဖြစ် လှူဖွယ်တွေဆက်ကပ်ကြတယ် ။
ဖွားမေတို့ကိုယ်တိုင်လည်းကပ်ကြရတယ် ။
တရားနာရေစက်ချတော့လည်း ဖွားမေတို့ပါရေစက်ချကြရတာလေ။ ရေစက်ခွက်ကိုင်ထားတဲ့ ဖွားမေလက်တွေဆို သိသိသာသာတုန်လို့ ။ ဒါကို ကပ်လျက်ထိုင်နေတဲ့ ဖွားအေးစိန်က တံတောင်ဆစ်နဲ့ဖြေးဖြေးတိုက်လို့သတိပေးတယ်။
မျက်ရည်တွေကလည်း ရေစက်ဗန်းထဲတပေါက်ပေါက်ကျသလို နှပ်ရှုံ့သံသဲ့သဲ့ထွက်တော့ဖွားအေးစိန်က လက်တစ်ဖက်နဲ့သာသာတို့လို့ သတိပေးပြန်တယ်။ အဲလို ခဏခဏသတိပေးနေတဲ့ ဖွားအေးစိန်ကိုလည်း ဖွားမေ အားနာမိပါရဲ့။ တရားနာရေစက်ချပြီးတော့ သံဃာတော်များကိုဆွမ်းကပ်တယ်။ သံဃာတော်များပြန်ကြွတော့ ပရိတ်သတ်ပေါ့။ ပရိတ်သတ်ကိုဧည့်ခံကျွေးမွေးတာလည်း အလျံအပယ်ပဲ။ ထမင်းလိုက်သူ ဟင်းလိုက်သူတွေနဲ့ မျက်စိပသာဒကိုဖြစ်လို့ ။
ဧည့်ခံကျွေးမွေးချိန်ပြီးတော့ နှစ်ပတ်လည်ပွဲအစီအစဉ် ဒုတိယပိုင်းပြန်စတယ် ။ ဒီအပိုင်းမှာဖွားမေတို့က ကန်တော့ခံပေါ့။ အမှတ်စဉ်တွေနဲ့အတူ အမည်တွေကြေငြာတော့ ဖွားမေတို့ကလက်လေးတွေပြလို့မိတ်ဆက်ကြရတယ်။ နှစ်ပတ်လည်ပွဲကိုလာကြတဲ့ အလှူရှင်တွေနဲ့ ဒီအသင်းရဲ့အဖွဲ့ဝင်သားသမီးတွေက ကန်တော့ကြတာလေ။
ကန်တော့တဲ့လှူရန်ပစ္စည်းတွေဆိုတာလည်းအစုံပဲ ။ ပိုက်ဆံပါတယ် ။ အိင်္ကျီ လုံချည်ပါတယ် ။
ဆေးတွေမုန့်တွေဆိုတာ အများကြီးမှအများကြီး။ ဖွားမေတို့ကို ထိခြင်းငါးပါးနဲ့ကန်တော့တာလည်းခံယူရတယ်။ လှူဖွယ်တွေလက်ခံပြီးမှာ ဖွားမေတို့က တစ်လှည့်ဆုတောင်းမေတ္တာတွေ ပြန်ပေးခဲ့ကြသေးတယ် ။
နှစ်ပတ်လည်ပွဲအစီအစဉ်တွေဆက်တော့ အလှူရှင်တွေကို ဂုဏ်ပြုလတ်မှတ်တွေပေးတာပါတယ်။ သာဓုသံတွေဆိုတာ စာတွေထဲကလိုဘဝဂ်ထိညံလောက်တယ်။ ပရဟိတထူးချွန်သူတွေကိုလည်း ဂုဏ်ပြုဆုတွေချီးမြှင့်တော့ လက်ခုပ်သံတွေဆိုတာ တဖြောင်းဖြောင်းပေါ့ ။ ဖွားမေလေ ဝမ်းသာလွန်းလို့ မျက်ရည်တွေလည်လာပြန်သေးတယ် ။
နှစ်ပတ်လည်ပွဲရဲ့ နောက်ဆုံးအစီအစဉ်အဖြစ် အမှတ်တရဓါတ်ပုံတွေရိုက်ကြတော့ ဖွားမေတို့က ကုးလားထိုင်တွေနဲ့ထိုင်တယ်။ အဖွဲ့ဝင်သားသမီးအချို့က ဖွားမေတို့နောက်မှာ မတ်တပ်ရပ်ကြသလို အချို့ကဖွားမေတို့ရှေမှာထိုင်ကြတယ် ။
ဖွားမေမျက်ဝန်းမှာ မျက်ရည်တွေပြည့်လာပြန်တယ်။ ဘယ်ညာနှစ်ဘက်ကဘိုးဘွားတွေကိုကြည့်မိတော့ သူတို့မျက်ဝန်းတွေမှာလည်း မျက်ရည်တွေစိုနေကြတယ် ။
ဖွားမေကို ခဏခဏသတိပေးတတ်တဲ့ ဖွားအေးစိန်တစ်ယောက်လည်း ကင်မရာမီးတွေတဖျပ်ဖျပ်အောက်မှာ လက်ကိုင်ပုဝါတစ်ထည်နဲ့ စီးကျလာတဲ့မျက်ရည်တွေကို တို့တို့ပြီးသုတ်လို့ပေါ့ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဝတ္ထုရှည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment