Saturday, 30 November 2013

ဧရာဝတီရယ် ငါရယ် ခြင်္သေ့ကြီးရယ်



ဧရာဝတီ
ဝတ္တရားမပျက်ပေမယ့်
မင်းလေးလံစွာစီးဆင်းနေရတယ်ဆိုတာ
ငါလည်းသိတယ်
ခြင်္သေ့ကြီးလည်းသိတယ် ဧရာဝတီ     ။

မင်းကိုငါချစ်နေသလို
ငါတို့ ဘိုးဘွားတွေကလည်း ချစ်တယ်
ငါတို့နိုင်ငံကလည်း
မင်းကိုချစ်ခဲ့ကြတယ် ဧရာဝတီ    ။

မင်းကို ခုန်ကျော်ဖို့ကြည့်နေတဲ့ ခြင်္သေ့ကြီးက
ငါတို့ရွာထိပ်ကနေ ဘယ်မှမသွားဘဲ
ဝါဆိုဝါခေါင်နဲ့အတူ သူ့အနားရောက်လာမယ့်မင်းကို
ဂရုတစိုက် မျှော်ငေးနေတုန်းပဲ ဧရာဝတီ    ။

ဧရာဝတီရေ
ငါတို့ရွာအစပ်ကို မင်းလာပြီးပြန်သွားတိုင်း
မြေနုခုံတွေပေါ်က မင်းကိုချောင်းကြည့်နေတတ်တဲ့
မြေပဲပင်အစို့ကလေးတွေလည်း
မင်းအတွက် ရင်မောနေကြတယ် ဧရာဝတီ    ။

ဧရာဝတီ
မင်းရဲ့နှလုံးသားလွတ်လပ်ခွင့်ကို
ပိတ်ပင်သူတွေရှိနေတယ်လို့ကြားတယ်
မစိုးရိမ်ပါနဲ့ ဧရာဝတီ      ။

ဧရာဝတီရေ
မင်းကျန်းကျန်းမာရှိပါစေ
မင်း ဆက်ဆက် ရောက်လာခဲ့ပါ
ခြင်္သေ့ကြီးနဲ့အတူ ငါ မင်းကိုစောင့်နေပါတယ်
ငါတို့ နှလုံးသွေးတွေနဲ့ ဆက်ပြီးစီးဆင်းကြမယ် ဧရာဝတီ   ။        ။


                                                                                                                ဟိန်းစံ ( ပဲခူး )




No comments:

Post a Comment