ပစ္စက္ခပြက္ခဒိန်
ဒါဟာ မပြည့်အိုးတို့ရဲ့ ရုပ်ဖြစ်ကြွင်း
သတင်းတွေနာတဲ့ “ရင်”
ဆီလျော်တဲ့ အချိန်ကိုက်ဗုံး
ရှိုက်လိုက်ရမလား
ငိုလိုက်ရမလား
ကဗျာဆရာကကော
ဘယ်လိုပန်းနဲ့ ဝါကျဖြစ်လာမလဲ...?
မွန်းမွန်းကြပ်ကြပ် လွဲလွန်းတယ်....။
ထပ်ပြောချင်တဲ့ ငါတို့အကြောင်းတွေ
ငါ့ကိုယ်ပေါ် ပိကျ
သက်ပြင်းတိုင်းသာ အာဟာရဆို
သူတို့ရဲ့ ကမ္ဘာထဲကိုဝင်ရောက်ဖို့
စိတ်ရဲ့တံခါးပေါက်တွေ ထပ်ချဲ့ထားရမှာ...။
အားကောင်းမောင်းသန်
ညီးတွားသံတွေလည်း
မချင့်မရဲဘဝများအတွက် နောက်ခံတေးဖြစ်
ငါးခုံးမ အပုတ်က တစ်လှေထဲမှာပါတာမဟုတ်ဘူး
မပါတဲ့လှေက တစ်စီးတစ်လေပါ...။
သန့်ရှင်း လတ်ဆတ်သော သက်တမ်းကူးပြောင်းဖို့
လောဘ ဒေါသ ပဒေသာပင်ကို
ဘယ်ရာသီ ဘယ်ရက်မြတ်
ဘယ်ဒေသ ဘယ်နေရာမှာ
ဗြောတီး လှူဒါန်းကြအံ့...။
သဘာဝတ္ထအားဖြင့်
အဓိပ္ပါယတ္ထအားဖြင့်
သဒ္ဒတ္ထအားဖြင့်
အနွတ္ထသညာအားဖြင့်
ပုဂ္ဂလဓိဋ္ဌာန်အားဖြင့်
ဓမ္မဓိဋ္ဌာန်အားဖြင့်
ချင့်ချင့်တွက်တွက် စီရင်ရင်း
အရောင်အလင်းတွေ အမြစ်ပျက်နေမှု ဇီဝိတအား
သေဆုံးခွင့်ပေးလိုကြောင်း...။
အခုတော့
ယားယံလွန်းလို့ ကုတ်လိုက်တိုင်း
အလွှာလိုက်ကွာတဲ့အခါ ကွာ
တစ်ဖက်ချင်းကွာတဲ့အခါ ကွာ
အဲဒါ...
စိတ္တ အနာ
မနုဿ အနာ
ဘဝကို စားတဲ့ အနာ.....။ ။
ဟိန်းစံ(ပဲခူး)
No comments:
Post a Comment