Friday, 31 May 2013
ကိုယ်ရေးကိုယ်တာ
သူများအကြောင်းကို နူးနေနပ်နေတုန်း
ကိုယ့်အကြောင်းကိုယ် ခူးပြီးခပ်ပြီးသွားတာ
ဘယ်သူတွေသိလိုက်သလဲ
ကြီးကြီးကျယ်ကျယ်ဒီစကားကိုအန်အချ
အရပ်လက်သည်က ခြေသံလုံလုံနဲ့
မရှူနိုင်မကယ်နိုင်ဗိုက်တစ်လုံးကိုကိုင်တယ်
ဗိုက်ထဲက ကလေးကိုပြင်တာလား
ဗိုက်ထွက်လာသူရဲ့စိတ်ကိုပြင်နေတာလား
သေချာခြင်း မသေချာခြင်းလမ်းစုံမှာ
ဝါ စိမ်း နီ ကိုတပ်သင့် မတပ်သင့်
အနံ့ထွက်နေတဲ့ ဘဝတွေအတွက်
မြန်မာ့ရိုးရာ တရော်ကင်ပွန်းလည်း ဆေးဘက်မဝင်မှန်းသိတယ်
ဦးနှောက်ယိုစီးမှုတွေထက် စာရိတ္တညွန်တွေစိမ့်ထွက်နေတာက
ခေတ်ပေါ်ဓါတ်အနည်းဆုံးကဗျာရဲ့ ခေတ်ရိပ်အုံဖွဲ့မှုပဲပေါ့
အလိုမကျမှုနဲ့အိပ်ရာဝင် အလိုမကျမှုနဲ့အိပ်ရာထ
နံနက်တိုင်းအုန်းလွဲရောဂါရရနေတာလည်းပြဿနာ
တစ်ခါတစ်ခါ ကိုယ့်ဘဝကိုယ်ပြန်ခေါ်ရတာများ
စာလုံးတွေပျက်နေတဲ့ ဟန်းဖုန်းခလုတ်တွေနှိပ်ရသလိုမျိုး
နေမမြင် လမတွေ့ အေးစက်စက်အခန်းထဲမှာ
အနာဂတ်တွေလည်း အငွေ့သေလုမြောပါးဖြစ်လို့
သံသယနဲ့ကမ်းလာတဲ့လက်မှာ
တစ်ဘက်ပိတ်လမ်းရဲ့မြေပုံအညွှန်းကထင်ထင်ရှားရှား
ပြောနေရင်ကြာတယ် မပြောရင်မကြာဘူး
ပြေးကြည့်နေမယ့်အစား
ကိုယ်မျှော်လင့်ထားတဲ့ ဂဏန်းတွေတက်လာတဲ့အထိ
အတွေးနဲ့ တဖြည်းဖြည်းချင်း ပွတ် တော့ မယ် ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
မတွေ့ဘူး ....... ။
ReplyDelete